ကင်ဆာကြောင့် မဟုတ်သော ဆီးကျိတ်ကြီးခြင်း
များသောအားဖြင့် အမျိုးသားတွေမှာ ဆီးကျိတ်ကြီးတာကို ဆီးကျိတ်ကင်ဆာလို့ သတ်မှတ်ကြပေမယ့် တချို့သောအခြေအနေမှာ ကင်ဆာမဟုတ်ဘဲ ရိုးရိုးဆီးကျိတ်ကြီးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကိုတော့ Benign Prostatic Hyperplasia (BPH) လို့ ခေါ်ပါတယ်။
BPH ဟာ အသက်ကြီးလာတာနဲ့အမျှ ပိုအဖြစ်များလာတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး ဆီးကျိတ်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ဖြစ်စေတဲ့ လက္ခဏာတွေကို ပိုပြီးမြင်လာရနိုင်ပါတယ်။ ဒီလို လက္ခဏာတွေထဲမှာ
- မကြာခဏ ဆီးသွားလိုစိတ်ဖြစ်လာခြင်း
- ညဘက်တွေမှာ ပိုပြီးဆီးသွားတတ်ခြင်း
- ဆီးစထွက်ဖို့ ခက်ခဲခြင်း
- ဆီးအားလျော့လာခြင်း၊ ဆီးသွားရင်း ရုတ်တရက်ရပ်သွားတတ်ခြင်း
- ဆီးသွားအပြီး ဆီးစက်များ ကျနေသေးခြင်း
- ဆီးမအောင့်နိုင်တော့ခြင်း
- ဆီးသွားနေစဉ်၊ သုက်လွှတ်ပြီးနောက် နာကျင်မှုဝေဒနာ ခံစားရခြင်း
- ဆီးအနံ့ပြင်းခြင်း၊ ဆီးအရောင်ပြောင်းလာခြင်း
- ဆီးကုန်သွားပြီးနောက် ဆီးကျန်သေးသလို ခံစားရခြင်း စတာတွေ ပါဝင်တတ်ပါတယ်။
ဒီလက္ခဏာတွေဟာ အစပိုင်းမှာ သိပ်မပြင်းထန်သေးပေမဲ့ ဆီးကျိတ်ပိုကြီးလာတာနဲ့အမျှ ခံစားရတဲ့ဝေဒနာလည်း ပိုဆိုးလာနိုင်ပါတယ်။
အပေါ်မှာပြောသွားခဲ့တဲ့ လက္ခဏာတွေကို BPH ကြောင့်အပြင်
- ဆီးလမ်းကြောင်းပိုးဝင်ခြင်း
- ဆီးကျိတ်ရောင်နေခြင်း
- ဆီးလမ်းကြောင်း ကျဉ်းမြောင်းခြင်း
- ခွဲစိတ်မှုတစ်ခုခုကြောင့် ဆီးအိမ်မှာ ဒဏ်ရာအမာရွတ်ဖြစ်နေခြင်း
- ဆီးကျောက်တည်ခြင်း
- ဆီးအိမ်ကို ထိန်းချုပ်တဲ့အာရုံကြောတွေမှာ ပြဿနာဖြစ်နေခြင်း
- အားပြင်းတဲ့ အကိုက်အခဲပျောက်ဆေးတွေကို စွဲသောက်နေခြင်း
- အအေးမိ၊ ဓာတ်မတည့်ဆေးတွေ သောက်နေရခြင်း
- ဆီးကျိတ် ဒါမှမဟုတ် ဆီးအိမ်ကင်ဆာတွေကြောင့်လည်း ခံစားရနိုင်ပါတယ်။
ဖြစ်နိုင်ခြေရောဂါအမျိုးမျိုးရှိတာကြောင့် အပေါ်မှာပြောသွားခဲ့တဲ့ လက္ခဏာတွေကို ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ သေချာပြကြည့်ပြီး စောစီးစွာ ကျန်းမာရေးစစ်ဆေးမှုခံယူလိုက်တာ အကောင်းဆုံးဖြစ်မှာပါ။
ဘယ်လိုလူတွေမှာ BPH ဖြစ်နိုင်ခြေ ပိုများလဲ
အမျိုးသားတွေအားလုံးမှာ ဆီးကျိတ်ကြီးနိုင်ခြေရှိပေမယ့်
- အသက် (၄၀) နဲ့အထက် အသက်ကြီးပိုင်းအရွယ်တွေ
- မိသားစုမျိုးရိုးလိုက်ပြီး ဆီးကျိတ်ပြဿနာရှိသူတွေ
- ဆီးချိုနဲ့ နှလုံးရောဂါရှိသူတွေ
- အဝလွန်သူတွေမှာ ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်းပြဿနာကို ပိုပြီးကြုံတွေ့ရနိုင်ပါတယ်။
ဆီးကျိတ်ကြီးခြင်းကို သေချာကုသမှုမခံယူဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့
- ဆီးမသွားနိုင်တော့ခြင်း
- ဆီးလမ်းကြောင်းပိုးဝင်လာခြင်း
- ဆီးအိမ်မှာ ကျောက်တည်လာခြင်း
- ဆီးအိမ်ကို ထိခိုက်ပျက်စီးစေခြင်း
- ကျောက်ကပ်ပျက်စီးခြင်း စတဲ့ ပြဿနာတွေကိုပါ ကြုံတွေ့လာနိုင်ပါတယ်။
ဆရာဝန်အနေနဲ့ စအိုဝအတွင်းကို ပိုးသတ်လက်အိတ်စွပ်ထားတဲ့ လက်ချောင်းနဲ့ ထိုးသွင်းပြီး ဆီးကျိတ်ကြီးမကြီးကို စမ်းသပ်စစ်ဆေးမှာဖြစ်ပါတယ်။ ဆီးကျိတ်ကြီးတယ်လို့ ဆေးစစ်ချက်အဖြေထွက်လာပြီဆိုရင်တော့ ဆရာဝန်ကနေ လက္ခဏာသက်သာဖို့ နည်းလမ်းတွေကို ညွှန်ကြားပေးမှာဖြစ်ပါတယ်။ BPH အတွက် လက်ရှိမှာ သက်သာပျောက်ကင်းစေတဲ့ ကုသနည်းလမ်းမရှိသေးတဲ့အတွက် သူ့လက္ခဏာကိုပဲ ထိန်းထားလို့ရမှာဖြစ်ပါတယ်။ ဒီနည်းလမ်းတွေထဲမှာ
- သောက်ဆေးပေးခြင်း
- ခွဲစိတ်ကုသမှုခံယူခြင်း
- ထိုးသွင်းဆေးကုသခြင်း စတာတွေကို ညွှန်ကြားပေးမှာဖြစ်ပါတယ်။
ရဲမျိုးမြတ်